တည်ငြိမ်နေတဲ့ ရေပြင်
မလှုတ်ခတ် ချင်ပါနဲ့ 
သာယာနေတဲ့  ကောင်းကင်
ဖျက်စီး မတိုက်ခတ်ချင်ပါနဲ့ 
ငါစိတ်တွေ ဘောင်ဘင်ခတ်အောင် လှုပ်မနိုးချင်ပါနဲ့ 
အိပ်ပျော်နေတဲ့  ငါ့နှလုံးသား
အပျင်းပြေ ဆော့ကစားဖို့ အတွက်မခေါ်ပါနဲ့ တော့
ကြိုးပျက်နေတဲ့  မဟူရာရောင်မိုးခြိမ်းသံတွေကြား
ပျော်ဝင်အောင် အိပ်စက်နေရလို့ ပါ
ကျိန်စာသင့်မနက်ခင်းတွေကို
အရူးတယောက်လို ကြောက်ရွှံ
ပြိုမယောင် မိုးတိမ်တွေကိုခြေစုံကန်နေတဲ့ 
လင်းဆွဲငယ် ဘဝကို ငါနာကြည်းလိုက်တာ
ဘယ်မှာလဲ အချစ်ရဲ့ ပျော်ရွှင်ခြင်း ချိုမြိန်သာယာခြင်း
ငါ့ရင်ကို အဆမတန်ဝေဒနာပေးပြီး တွန်းကန်ကြတယ်
ပန်းနုရောင် နုတ်ခမ်းပိုင်ရှင် ဆံပင်ရှည်ရှည်နဲ့  ကောင်းမလေးရယ်
ငြိမ်သက်မနေနေပါနဲ့  ကျောခိုင်းပြီးမှတော့ ထွက်သွားပါတော့
ကွဲကြေနေတဲ့  ငါ့အသဲတွေကြားက
လှောင်ရယ်သံတွေ စိမ့်ထွက်နေတယ်
လောင်မြိုက်စမ်းပါစေ ငါ့ရင်ကိုသောကမီးလျှံတွေ
နားခိုရာ ရင်မရှိတဲ့  ငါ့ဘဝ ရဲရဲကြီးပြောလိုက်မယ်
ငါဟာအသဲ ကျွမ်းနေတဲ့  လူတယောက်ပါ
တခန်းလုံးပြည့် ဝေဒနာတွေ သိမ်းကျုံးယူငင်ရင်း
မင်းမရှိတဲ့  ကမ္ဘာသစ်တခုမှာ ငါအိပ်စက်ချင်တယ်
ကျောချစရာ နေရာ ရင်ခွင်နွေးနွေးလေး ရှိရင်ပေါ့
ဖြစ်နိုင်မယ်ဆို မျက်ရည်မလွယ်တဲ့ 
လူတယောက်အဖြစ်နဲ့  နေချင်တယ်
ဘယ်လိုအထီးကျန် ဆွေးမြေ့မှုကို ငါကြောက်နေရဦးမလဲ
အဆိုးဆုံးဝေဒနာတွေနဲ့  မင်းကိုငါ လွမ်းခဲ့ ပြီးပြီးလေ
ငါ့ရင်ကို ခွဲပြီးလည်း မင်းနင်းလျှောက်ခဲ့ ပြီးပြီး
ချစ်မိတဲ့  ဒီအသည်း အပြစ်ရှိတယ်ဆိုလည်း
အမုန်းရှိလည်းပြေ ဝဋ္ဋ်ကြွေးရှိလည်း ကျေပါစေတော့လေ
ထာဝရ ရှင်သန်နေပါရစေ
မင်းကို မေ့နိုင်တဲ့  လူတယောက်အဖြစ်နဲ့ လေ
ဖိုးခွားလေး (ကော့မှူးမြို့ )
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)