ရင်ခွင်က အရိုင်းဆန်နေတော့
ရင်ခုန်သံ ခပ်ဆန်းဆန်းကို နားလည်ဖို့ကြိုးစားရင်း
ခပ်တန်းတန်းနေခဲ့ ဖူးတဲ့ လောကကြီးကိုတောင်
ကဗျာတစ်ပုဒ် လုပ်လိုက်ချင်တယ်။
ခပ်လေးလေး သွားနေတဲ့ နာရီလက်တံတွေ
သူတို့ရဲ့ ရွေ့လျားမှုတိုင်းမှာ
အိမ်မက်တွေကို ရင်းနှီးထားခဲ့တယ်။
အလှမ်းဝေးတဲ့ ရက်စွဲတွေ
ရင်ဘက်ကို တဖြည်းဖြည်းရိုက် ခတ်လို့
နှလုံးသားလေးလည်း မော ဟိုက်နေပါပြီ။
ကောင်ကင်ကြီးကတော့ ကိုယ့် အစားငိုးကြွေးလို့
ဒလိမ့်ခေါက်ကွေး ကျဆင်းလာတဲ့
မိုးစက်တွေရဲ့ ငိုသံတွေဟာ ကျယ်လောင်နေတယ်။
ဘာမှမမက်မောပါဘူးကွယ်......။
မနက်ဖြန်ရဲ့ နေ့သစ်တိုင်းမှာ
အပြစ်ကင်းစင်တဲ့ . ချစ်သူရဲ့ ရင်ခုန်သံကိုသာ
နားထောင်ချင်မိတော့တယ်ကွယ်။
Ye Tay Za Kyaw (ကာရံငယ်)**
Followers
Saturday, January 12, 2013
`လူတို့်၏ လက်ဖ၀ါးပြင်အရောင်များမှ ဖော်ပြနေသော လူတို့၏စရိုက်များ´(ဗေဒင်ကဏ္ဍ(၃)) ))
လက်ဖ၀ါးပြင်
မှ အရောင်များနှင့်ပတ်သတ်၍ သိရှိစေရန် အကျဉ်းချုံး
၍ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ မိမိကိုယ်ကိုသာမက တစ်ပါးသူကို လေ့လာရန်
ရည်ရွယ်ပြီး တင်ပေးရခြင်းဖြစ်ပါသည်..။ လက်ဖ၀ါးမှအရောင်များမှာ
ခွဲခြားရန်ခက်နေပါသောကြောင့် လက်ကိုသေချာသန့်စင်ပြီး
သဘာဝအလင်းရောင်နှင့်ထိတွေ့ ပြီးမှကြည့်ပါရန်။ အဆင်ပြေ နိုင်ကြပါစေ။*
၁။ အနီရောင်
အင်မတန်စိတ်ထားရဲရင့် တဲ့ သူပါ။ ဆုံးဖြတ်ချက်ခိုင်မာသလို ပြတ်လည်းပြတ်သားတယ်။ စိတ်တော့တိုတယ်။ ဒေါသလည်းကြီးတယ်။ ဒါပေမယ့်လည်းအမြဲတမ်း ခေါင်းဆောင်ဖြစ်ပါတယ်။ ဘ၀မှာကံကောင်းခြင်းတွေကို ပိုင်ဆိုင်တယ်။ ဒေါသကြီးပြီးစိတ်တိုတတ်တဲ့အတွက် တချို့အခွင့်အရေးတွေ ဆုံးရှုံးတတ်ပါတယ်။ မိဘဂုဏ်ယူရမယ့်သူတစ်ယောက်ပါ။ ခေါင်းမာလို့ မိဘပြောသမျှတွေကို မျက်စိစုံမှိတ်လက်ခံမယ့် သူတော့ မဟုတ်ပါဘူး။ စဉ်းစားချင့်ချိန်ပြီးမှ လက်ခံမှာပါ။
၂။ ပန်းရောင်
လက်ဖ၀ါးဟာပန်းရောင် ၊ပန်းနုရောင်၊ ပန်းဆီရောင်၊ဖြစ်နေရင်တော့ အင်မတန်နူးညံ့ သိမ်မွေ့သူပါ။ စကားပြောယဉ်ကျေးပြီး ဆွဲဆောင်မှုကောင်းတဲ့ အသံပိုင်ရှင်လေးပါ။ လူချစ်လူခင်များပြီး ၊ကြင်နာစိတ်လေးလည်းရှိပါတယ်။ ဗီဇကိုက လူတိုင်းကို မေတ္တာနဲ့ဆက်ဆံတတ်ပါတယ်။ မိဘညီအကို မောင်နှမတွေကို ချစ်တယ် ။ အိမ်မှာ မိသားစုက အားကိုးရမယ့်သူပါ။ မိသားစုအတွင်းအနစ်နာခံ စရာရှိရင် အနစ်နာခံမယ့်သူပါ။ ဘ၀မှာကံကောင်းသူ အဆင့်အတန်းကောင်းကောင်းနဲ့ နေရသူတွေထဲမှာ ပါမယ်..။ မွေးရကျိုးနပ်တဲ့ သူပါ။
၃။ အ၀ါရောင်
လက်ဖ၀ါးက အ၀ါရောင်ဖြစ်ရင်သတိထားပါ။ ကျန်းမာရေး ညံ့ပါမယ် ။ ချုချာတဲ့ သူဖြစ်တတ်ပြီး သွေးအားနည်းတာ ၊ဆီး၊ ကျောက်ကပ်မကောင်းတာ၊အစာအိမ် အက်ဆစ်ဓာတ်များတာတွေ ဖြစ်တတ်ပါတယ်.။။ စိတ်မလုံခြုံတတ်ပါဘူး ။ စိတ်ထားကြံ့ခိုင်အောင် ပြုပြင်ပေးဖို့လိုပါတယ်။ သူ့ကိုယ်သူ ယုံကြည်မှုလုံးဝ မရှိပါ။ မိဘကို မှီခိုရ မယ့် သူပါ။
၎။ အဖြူရောင်
လက်ဖ၀ါးက အဖြူရောင်ဖြစ်ခဲ့ရင်တော့ သတိထားပါ ၊ စိတ်ကောက်တတ်တဲ့သူပါ။ သူများကိုမနာလိုတတ်။ သွေးအားနည်းရောဂါရှိပါတယ်.။ ပြန်မပြောနားမထောင်နဲ့ ထုံပေပေ လုပ်တတ်သူပါ။ တစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။ ဒါပေမယ့် မြုံစိစိ နေတတ်တာကြောင့် တော်ရုံတန်ရုံ အကဲခတ်ဖို့မလွယ်ပါဘူး။ ဘာပဲလုပ်လုပ်ထိပ်တန်းကို မရောက်ပါဘူး။ အချိန်ဖြုန်းတတ်သူပါ.။ မိသားစုထဲမှာတစ်မျိုးတစ်ဘာသာခွဲထွက်နေတတ်တယ်။ အလုပ်ကို သူလဲမလုပ်ဘူး။ သူများလုပ်ရင်လဲ အပြစ်ပြောတတ်တဲ့သူမျိုးပါ။
၅။ အညိုရောင်\အနက်ရောင်
လက်ဖ၀ါးအရောင်ဟာ အညိုရောင်\အနက်ရောင် ဖြစ်ခဲ့ရင် တော့ စိတ်ထားခက်ထန်မာကျောတဲ့သူပါ။ ရက်စက်ဖို့ လည်းဝန်မလေးဘူး ။ ကြီးနိုင်ငယ်ညှင်းစိတ်ရှိပါတယ်။ သြဇာအာဏာကို မက်မောပါတယ်။ အခွင့်အရေးကို မရရအောင်ယူတတ်ပါတယ်. ။ ဘယ်သူ့မျက်နှာကိုမှမထောက်ထားတတ်တဲ့သူပါ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောပါပဲ။ သူ့မှာမိဘ၊မောင်နှမတွေ။ ဆွေမျိုးသားချင်းရယ်လို့ ညှာတာထောက်ထား လိုစိတ်မရှိဘူး။ ကိုယ်ကောင်းစားဖို့ ဘယ်သူ့ကိုမဆို နင်းချေရဲတဲ့သူပါ။ ဒါပေမယ့်အချစ်နဲ့မေတ္တာစိတ်လေးတော့ရှိပါတယ်။ အချစ်နဲ့မေတ္တာထက် အတ္တက ပိုကြီးပါတယ်။ ဒါကြောင့်ဒီကလေးက အခွင့်အရေးသမားလို့မြင်ရပါတယ်။
၆။ အပြာရောင်
လက်ဖ၀ါးအရောင်ဟာ အပြာရောင်ဖြစ်ရင် သတိထားပါ။ ပြာနှမ်းနှမ်းရှိတဲ့ သူဟာ… မူးရစ်ဆေးဝါး ၊ယစ်မူးစေတဲ့ အရာတွေကို နှစ်သက်လေ့ရှိပါတယ်။ သွေးအားနည်းပါတယ်။ သွေးဆိပ်တက်တာ ခဲဆိပ်တက်တာတွေ ဖြစ်တတ်တဲ့သူပါ။ စိတ်နှလုံးတော့ကောင်းတယ် ။ နူးညံ့သိမ်မွေ့တယ်။ ဘယ်သူ့ကိုမဆို အရှုံးပေးဆက်ဆံတတ်တယ်။ အနစ်နာခံပြီးနေပေမယ့် အကောင်းတော့ အပြောမခံရပါဘူး။ မိတ်ဆွေစစ်ရှားတယ်။ စိတ်ခံစားမှုတွေကိုမျိုသိပ်ထားတယ်။ အားလုံးအတွက် အနစ်နာခံပေမယ့် လူတွေကအသုံးချခံစရာ တစ်ခုအဖြစ် စဉ်းစားတာခံရပါမယ်။

Labels:
Badin
((ရူပ သျှတ္တရ ဂမ္ဘီရ ပညာ )..(.မိန်းမကောင်း အဂါင်္ရပ် (64)ရပ်))(ဗေဒင်)
ယင်းတို့ ကား -
(၁)ခြေလက္ခဏာ = ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ = ၁၆ ရပ်
(၃)စိတ်လက္ခဏာ= ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ = ၉ ရပ်
(၅)လည်ပင်းလက္ခဏာ = ၁ ရပ်
(၆)အသံလက္ခဏာ = ၃ ရပ်
(၇)မျက်နှာလက္ခဏာ = ၈ ရပ်
(၈)သွားလက္ခဏာ = ၁ ရပ်
(၉)မျက်စေ့လက္ခဏာ = ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ = ၃ ရပ်
ကိုယ်လက္ခဏာ (၁၆) ရပ်
၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၎။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့ သွားခြင်း
၁၀။သိမ်မွေ့ သော ခါးရှိခြင်း
၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ သောပေါင်ရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း
စိတ်လက္ခဏာ (၆) ရပ်
၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း
လည်ပင်း လက္ခဏာ (၁) ရပ်
၁။လည်ရေး ၃ ဆင့်ရှိခြင်း
အသံလက္ခဏာ (၃) ရပ်
၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။ အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ ဥသြသံနှင့်တူသောအသံရှိခြင်း
မျက်နှာလက္ခဏာ ၈ ရပ်
၁။ လပြည့် ဝန်းနှင့် တူစွာရှိခြင်း
၂။ ရှည်သောမျက်နှာရှိခြင်း
၃။ နီသောနှုတ်ခမ်းရှိခြင်း
၎။ ဖြိုးမောက်သောနှာတံရှိခြင်း
၅။ ပြည့် ဖြိုးသောပါးရှိခြင်း
၆။ မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။ သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ ချွန်သောနှာခေါင်းရှိခြင်း
သွားလက္ခဏာ (၁) ရပ်
၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း
မျက်စေ့လက္ခဏာ ၄ ရပ်
၁။ မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း
၂။ ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။ သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း
ဆံပင်လက္ခဏာ (၃) ရပ်
၁။ အဖျားကော့သော ဆံပင်ရှိခြင်း
၂။ ရှည်သော ဆံပင်ရှိခြင်း
၃။ သိမ်မွေ့ သော ဆံပင်ရှိခြင်း
ဤကားကောင်းခြင်း ၆၄ ရပ်တည်း။
(သုတသန္ဒီစယမူကျမ်းစာအုပ်မှ... ကောက်နူတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။)
Ye Tay Za Kyaw**အားလုံးဗဟုသု တများ တိုးပွားနိုင်ကြပါစေ။**

လက္ခဏာ ဗေဒင်လေ့လာကြမယ်(ဗေဒင်ကဏ္ဍ (၁))
ကျွန်တော် တင်ပြထားသော အချက်များမှ တစ်ချက်ခြင်းစီကို မဟုတ်ပဲ အားလုံးပေါင်းစပ်ပြီး မိမိဘယ်လိုလူမျိုးလဲ ဆိုတြာ့ကည့်ပါ။
၁။လေးထောင့်လက်ဖ၀ါး
လက်ကောက်ဝတ်တွင် ၄င်း ၊ လက်ချောင်းများတွင်၎င်း၊ လေးထောင့်ပုံသဏ္ဍန်ရှိသည်။ တာဝန်နှင့်အလုပ်ကို တိတိကျကျ ဇွဲသန်သန်နဲ့ အောင်မြင်အောင်ဆောင်ရွက်နိုင်တယ် ။ ရှည်လျှားသောလက်မရှိ၍ ပထမဆစ်ကျစ်လစ် စေပါက စီးပွား ၊ပညာ၊ တရားဥပဒေ၊ ဆရာဝန်၊စသည်တို့ တတ်ကျွမ်း၍ တင့်တယ်စွာနေရခြင်း။
၂။ ၀ိုင်းသောလက်ဖ၀ါး
ကျယ်ပြန့်၍၀ိုင်းပြီး၊ လက်ချောင်းအဖျားများ အရင်းထက်ပို၍ကျယ်ပြန့် လျှက်ရှိသည်။ အလုပ်နှင်လက်နှင့်မပြတ် လုပ်ရတတ်သည်။ သူတစ်ပါးက လုပ်ကိုင်ပေးသော်လည်းမရ၊ မိမိကိုယ်တိုင်လုပ်ရမှ စိတ်ကျေနပ်သည်။ ဇွဲနှင့် လုပ်ကိုင်တတ်၍ အလုပ်အကိုင်အောင်မြင်မည်။
၃။ရှည်သောလက်
ကျဉ်းမြောင်း၍ ရှည်လျှားသောလက်ပုံစံရှိ ပြီး လက်ချောင်းသေးသိမ် ၍ ရှည်လျှားသည်။ လုံလ၀ရိယ ညဏ်ပညာ နည်းတတ်သည်။ သူတစ်ပါးကိုအားကိုးသည်။ ဇွဲသတ္တိမရှိ ၊အောင်မြင်မှုနည်းပါးတတ်သည်။
၃။ ကတော့ချွန်လက်ဖ၀ါး
အရင်းဘက်ကျယ်၍ အဖျားဘက် ကတော့သဏ္ဍန်ချွန်တက်သွားသည်။ အလှအပနှစ်သက်၊ ပန်းချီ၊ အနုပညာ၊ ဂီတ၊ နှစ်သက်မည်။
၎။ နူးညံ့သည့်လကိဖ၀ါး
စိတ်သိမ်မွေ့၊ပြေပြစ်စွာ ပြောဆိုတတ်သည်။ ညာဏ လုပ်သား ကောင်း၊ သူတစ်ပါးကိုသြဇာပေး၍ ခိုင်းစားရမည်။
၅။ ကြမ်းတမ်းသောလက်ဖ၀ါး
စိတ်နေမြင့်ခက်ထန် ၊ အလုပ်ကိုမိမိကိုယ်တိုင် လုပ်ကိုင်တတ်၊ ပစ်စည်းဥစ်စာ ရှိပေမယ့် အငြိမ်မနေတတ် ဇွဲသတ္တိရှိ သဖြင့် အစစအောင်မြင်မည်။
၆။ လက်ချောင်းသည် ရှိသင့်သည်ထက်ပိုရှည်လျှင်
(သူတစ်ပါးအပေါ်သြဇာ တိကမ ရှိခြင်း၊ တိုနေပါမူ အကြံမအောင်တတ်)
၇။ လက်ခလယ်ရှည်မူ
ပညာသင်ရာ၌ လုံလ၀ီရိယ ရှိခြင်း ၊ တိုနေပ်မူ ကြမ်းတမ်းစွာလုပ်ကိုင်ရ တတ်သည်။ လက်ခလယ်ရှည်လွန်းလျှင် လည်း ငွေကြေးအတွက် ပူပန်ရတတ်တယ်၊
၈။ လက်သူကြွယ်
ကောက်ကွေးနေပါမူ အသိညဏ်ပညာ ကောင်း၊ လက်ဖ၀ါးထက်လက်ချောင်းများရှည်နေလျှင် အသ်ပညာညဏ်ထူးကဲ တိုနေပါမူ ညဏ်ပညာနည်းပါး။
၉။ ပုတိုသောလက်မ
တင်းပုတ်နှင့်တူသောကြောင့် ဒေါသမချုပ်တည်းနိုင်၍ ရာဇ၀တ်မှု ကျူးလွန်တတ်သည်။ (များသောအားဖြင့် ရာဇ၀တ်သားများတွင် တွေ့ရသည်)
၁၀။လက်ညိုးနှင်လက်မကြား…..ကျယ်ပြန့်နေမူ ဇွဲ သတ္တိရှိခြင်း ။
၁၁။ လက်မ ….ဒုတိယအဆစ်ပျော့ပြောင်းမူ လူအများနှင့် ပြေပြစ်စွာ ဆက်ဆံတတ်သဖြင့် အောင်မြင်မှုကိုရမည်။
(အဆင်ပြေကြပါစေ) (နောက် ကဏ္ဍ များတွင် ဗေဒင် လက္ခဏာ အကြောင်းများကို ဆက်လက်တင်ပေးပါမည်..)
အားလုံးပဲရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ..။(Ye Tay Za Kyaw*)

Tuesday, January 8, 2013
ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေး အမြင် နှင့် မှတ်ချက်များ (၁)
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
(၂) ဗုဒ္ဓသည်
ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ၊ တပည့်သာဝကတို့ကို
အသိညဏ်အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)
(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို
သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူးလွန်ခြင်းကိစ္စမှာ
တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊
မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လိုသတ်ဖြတ်ကြိုးပေးရမလဲ?
လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Ghandi)
(၆)
အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော
အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့်
ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။
တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွားခဲ့သော
အကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။
ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို
လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို
ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့်
ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို
ဖြည့်ဆည်းပေးနိုင်စွမ်သောဘာသာတရားတစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက
ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)(၇) ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ်ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ်စိတ်ပါလက်ပါစာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါသည်။ (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)
(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်းစင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူးကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Ghandi)
(၉) အကယ်၍
ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့်
ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။ (နေရူး - Nehru)
(၁၀) ဗုဒ္ဓ၏
အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု
ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က
မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ
ပြန်လည်စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။ (မဟတ္တမဂန္ဒီ - Ghandi)
(၁၁)
သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော
အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ
ကူးယူကြရပေသည်။ (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)
(၁၂)
ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားအရာတွေထက်
အကြောင်းအရာ တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင်ဘုရားရဲ့ တရားဒေသနာတော်ကို
လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့
အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း
ဖြစ်ပါတယ်။ (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )
(၁၃)
ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန်
ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ
လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။ (ဂျွန်ဝေါလ်တားစ် - John
Walters)
(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့
တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင်
စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း
စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက်
ဗုဒ္ဓ၏ကျင့်စဉ်ကိုကျင့်ကြံအားထုတ်ကြည့်ဖို့သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည်
စိတ်ချမ်းသာမူကို အမှန်တကယ်ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John
Walters)
(၁၅)သက်ရှိသတ္တဝါများကို
မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊
ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည်
လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ (Prof. Phys Davids)
(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်ပို၍လိုအပ်သောအချိန်ဖြစ်သည်။ (နေရူး - Nehru)
(၁၇)
ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ
မဟာခရီးသည်များဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယကများထဲတွင်
အကျင့်သိက္ခာ၊ ပညာညဏ်၊စဉ်းစားညဏ်၊ စိတ်နေသဘောထားအရာတို့၌
အမြင့်မြတ်ဆုံးဖြစ်သည့် ဗုဒ္ဓသည် ခရီးသည်ဘုရင် ဖြစ်သည်။ (ရာဟုလာသံ ကစ္စည်း)
(၁၈) လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)
(၁၉)
ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။
ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သောစကားထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှ
မရှိပေ။ (Dr. S. Radhakrishnan)
(၂၀)
ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့်
အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ
တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )
(၂၁)
ဘာသာကို ကျုပ်လက်ခံယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော်
ကမ္ဘာ့ဘာသာကြီးများအနက်တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန်
အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ"
ဖြစ်ပါသည်။ (Bertrand Russell, English Philosopher)
(၂၂)
ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏
သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်"
ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။ (ဆရာတော်
ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)
(၂၃)
ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏
ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို
ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)
(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံစေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)
(၂၅)
လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု
ဖြစ်သွားနိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှုဟာလည်း ဖရိုဖရဲ
ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လွတ်လပ်မှုကိုလည်း
ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။ (ဒလိုင်လားမား - Dalai Lama)
(၂၆)
ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋေ့တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့
မေတ္တာပျားရည်စက်များလောကကို ပြည့်ဝစေတာလူသားပန်းတစ်ပွင့်ပါ။
(ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)
(၂၇) ဗုဒ္ဓဘာသာနှင့်
ခေတ်သစ်သိပ္ပံပညာသည်
အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ
ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး - Sir Edwin
Arnold)
(၂၈)
ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား
သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ -
Ven. Dr. W. Rahula)
(၂၉)
များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို
အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို
ဖတ်ရှူလေ့လာခွင့် မပြုဘဲတားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး
လွန်စွာနည်းပါးပေသည်။ (ဖရခန္တီပါလော)
(၃၀)
စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့်
သတ္တိဗျတ္တိ ပြည့်ဝလာစေပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံးလူဖြစ်လာစေတာဟာ
တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့်ပါပဲ။ (ဂိုအင်ဂါ - SN Goenka)
.................................................................
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။(့YTZK*)
Labels:
Knowledge
သကြားထက်ချိုတဲ့ အရာ(ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ)(ပညာပေး)
အသက်ရနေဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး
တစ်ခုပေါ်မှာ ထိုင်နေပါတယ်.. မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊
စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို
လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ
အရေးတယူ မရှိကြ.. ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့
သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ….
ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့
သူ့ကုတ်အင်္ကျီအဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့
အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့ အမှန်ပါ…
ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာ
ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်.. လျှောက်လာရင်းနဲ့
အမျိုးသမီးဟာ သူ့အနားအရောက်မှာ ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်ကာ
“ ဦးလေး.. ရှင်နေကောင်းရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်..
ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်းလွှာက ဖြစ်မယ်ဆိုတာ
အဖိုးအိုက သိလိုက်ပါတယ်.. သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို
ဝတ်ဆင် ထားပါတယ်… ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း
ဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး.. ဒီလို အမျိးသမီး
တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ…
သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့
စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲ
အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ.. ကျုပ်တစ်ယောက်တည်း
နေပါရစေလို့ ” အော်ဟစ်ပြီး ပြောလိုက်ပါတယ်..
အံ့သြစရာက အမျိုးသမီးဟာ ထွက်မသွားဘဲ ဆက်ပြီး ရပ်နေတုန်းပါ…. ညီညာပြီး
ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင်
ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်… “ မဆာပါဘူး ကျုပ်က
သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း
ဒီကထွက်သွားစမ်းပါဗျာ ” လို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေ လိုက်ပါတယ်….
အမျိုးသမီးဟာ ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး.. ပြီးတော့
အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ပါတယ်.. “ ဟာ ခင်ဗျား
ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီ.. ကျုပ်ကို မနှောက်ယှက်ပါနဲ့ ခင်ဗျား
ဒီနေရာက ထွက်သွားပါ.. ” လို့ အဖိုးအိုက ဒေါသတကြီး တုံ့ပြန်ပါတယ်..
ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး ပြဿနာ တစ်ခုခု
ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးပါတယ်..
အမျိုးသမီးက “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်.. ဒီလူကို
ထရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ.. ကျွန်မကို တစ်ဆိတ်လောက်
ကူညီပေးပါလားရှင်.. ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း “
ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ.. သူဟာ
ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး.. သူ့ကို ဘာများလုပ်မလို့ပါလဲ ”
လို့မေးလိုက်ပါတယ်..
“ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား.. ကျွန်မ သူ့ကို
အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်… ပြီးတော့လဲ
ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို
လွတ်မြောက်စေချင်တယ်.. ”
“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး ” ပြောနေရင်းမှာဘဲ
သူ့ကို သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်.. “
ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ..
ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ အဖိုးအို ဂျက်ဟာ အကြောက်အကန်
ငြင်းမိပါတယ်..
“ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို
မမိုက်မဲချင်စမ်းပါနဲ့” ရဲအရာရှိက ခပ်ထန်ထန် သူ့ကို ပြန်ပြောပါတယ်..
နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို
ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက်
ခပ်ကျကျ ကောင်တာအနီးမှာ သူ့ကို ထိုင်စေလိုက်ပါတယ်.. အချိန်က မနက်စာ
စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက်
ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်.. ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာ
စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်.. “
ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို
ဒုက္ခများပေးနေလို့လား ”
“ ဘာမှ ဒုက္ခ မပေးပါဘူး… သူ့ကို ဒီအစ်မကြီးက ကျွေးမွေးဖို့ ခေါ်လာတာပါ.. ”
ရဲအရာရှိရဲ့ စကားအဆုံးမှာ “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့
သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော်တို့ ဆိုင်ဟာ
လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်..
ဒီလိုလမ်းပေါ်က လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ
တွေ့သွားရင် ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်…” လို့
ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်..
“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား.. ကျုပ်ပြောခဲ့သားဘဲ ..
ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်..
ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က
သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ
ပြောလိုက်ပါတယ်..
အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး
ပြုံးပြလိုက်ရင်းက “ မန်နေဂျာ.. ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီ
နှင့် အဖွဲ့ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ” လို့
မေးလိုက်ပါတယ်.. ဒီတော့ မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်..
သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့
အထူးခန်းမှာ အမြဲ လုပ်ပါတယ်.. ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်..
အမျိုးသမီးက “ ဒါဆိုရင် သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့်
ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ
ရှင်တို့ ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ်
မဟုတ်လား.. ”
“အဲဒီကိစ္စ ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက
ဒေါသထွက်လာပုံရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်..
“ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”
“ဗျာ…. ” မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်..
အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့
အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခု လုပ်ချင်ပါတယ်..
ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေ ယူလာခဲ့ပါ.. ”
စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “
ရဲအရာရှိကြီးကိုလည်း ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”
“တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေပါတယ်….”
“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”
“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ”
ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက
“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်..
ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ”
လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်..
မန်နေဂျာ ပြန်အထွက်ကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား
သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” ဟု
လှမ်းပြောလိုက်ပါတယ်..
“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး… ကျွန်မ အနေနဲ့ အန်ကယ် ဂျက် ကို
ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..” ပြောရင်းက အမျိုးသမီးဟာ
ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်. အဖိုးကြီးဘက်ကို လှည့်ပြီး စကား
စတင်ပြောပါတယ်..
“ အန်ကယ် ဂျက် ရှင်ကျွန်မကို မှတ်မိလား.. ”
အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ
စူးစမ်းစွာကြည့်နေရင်းက “ ကျုပ်ထင်တာ.. ခင်ဗျားဟာ ကျုပ်ကို
ရင်းရင်းနှီးနှီး သိနေပုံဘဲ”
“ဟုတ်ပါတယ် .. ကျွန်မက အရင်တုန်းကထက်စာရင် ရင့်ရော်သွားခဲ့ပါပြီ..
အခုအချိန်မှာ ဟိုအရင် အချိန်တုန်းက ထက်စာရင် ငွေကြေးဥစ္စာ အရာရာ
ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မ ငယ်စဉ်ကာလတုန်းက
ရှင် ဒီဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့အချိန် ကျွန်မဟာ အေးခဲနေတဲ့
ခုလိုရာသီမျိုးမှာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး
တစ်လုပ်အတွက် အလုပ်တောင်းခဲ့ရဖူးတဲ့အချိန်တွေကို ဘယ်တော့မှ
မမေ့ပါဘူးရှင်…”
“ အစ်မကြီး”
ရဲအရာရှိထံမှာ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို
ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ
လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လို လုပ်ပြီး ယုံနိုင်မှာလဲ..
အမျိုးသမီးက သူ့ဘ၀နောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်.. “ ကျွန်မဟာ
အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့
ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ အလုပ်တစ်ခုတစ်လေမှကို တော်တော်နဲ့
ရှာလို့မရခဲ့ပါဘူး.. ဘယ်သူကမှ အလုပ်မခန့်ခဲ့ကြပါဘူး… နောက်ဆုံးတော့
လက်ထဲမှာ ပြားစေ့လေး အနည်းငယ်က လွဲလို့ ဘာမှ မကျန်တော့တဲ့အခါ ကျွန်မ
ငှားနေတဲ့ အခန်းပိုင်ရှင်က အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို
မောင်းထုတ်လိုက်ပါတယ်.. ဒီလိုနဲ့.. ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့
အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ပြတ်ဆင်းရဲစွာနဲ့ လမ်းတွေပေါ်မှာ
လျှောက်သွားနေခဲ့ရင်း ဒီနေရာလေးကို စားစရာ တစ်ခုတစ်လေ ရလို ရငြား
ရောက်လာခဲ့ပါတယ်.. ”
အဖိုးကြီးဂျက်ဟာ ပါးစပ်ကို ဟလိုက်ပြီး “ အိုး ကျုပ်မှတ်မိပြီ… ကျုပ်ဟာ
ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တယ်. ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက်
နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့
ပြောခဲ့တယ်လေ. ကျုပ်က ဆိုင်ဝန်ထမ်း မဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့
အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာကျတဲ့အတွက် အလုပ်မပေးနိုင်
ကြောင်း ပြောခဲ့တယ်.. ”
“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်.. ပြီးတော့ ရှင်ဟာ ကျွန်မ တစ်သက်
မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဒ၀စ်ကြီးတစ်ခုနဲ့ ကော်ဖီ
တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့
ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့် ပြဿနာတစ်ခုခု ဖြစ်မှာကို
စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မ အတွက် ကျသင့်ငွေကို ကောင်တာမှာ
သွားရှင်းနေတာ တွေ့လိုက်ပါတယ်.. ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ
သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်.. ”
“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ” အဖိုးဂျက်က
အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..
“ဟုတ်တယ်.. သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်..
အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်..
ကြိုးစားတယ်.. ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘ၀ကို
ပြန်မသွားချင်ဘူးလေ.. ဒီတော့ ဘာလုပ်သလဲ… သူများထက် ပိုကြိုးစားရတာပေါ့
ကျွန်မရဲ့ လုံ့လ ၀ရိယကောင်းမှုကြောင့် မကြာခင်မှာ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်.. ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ.. ”
အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့
လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ရင်းက
“ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း
ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်..
ကျွန်မတို့ ကုမ္ပဏီမှာ ရှင့်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ
စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ ရှင့်အတွက် အ၀တ်အစားဝယ်ဖို့၊ နေထိုင်
စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်.. ရှင်
ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်..
ရှင် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ… ကျွန်မ ရှင့်အတွက်
အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”
အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာရင်းက “ခင်ဗျားကို
ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ… ”
“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်.. ကူညီထိုက်သူကို ကူညီရတာ
ဝမ်းမြောက်စရာပါ.. ရှင့်ရဲ့ စာနာ ထောက်ထား တတ်တဲ့ စိတ်ထားလေးကို
ကျွန်မဘယ်တော့မှ မမေ့ပါဘူး.. ရှင်ကျွေးခဲ့တဲ့ ဆင်းဒ၀စ်နဲ့
ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ
တန်ဖိုးဖြတ်လို့မရပါဘူး.. ကျွန်မကို ခုလို ကူညီတတ်ခြင်းရဲ့ လမ်းစကို
လမ်းပြခဲ့တဲ့ သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”
စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့
ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်..
ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အ၀နားမှာ
ခေတ္တရပ်ပြီး အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်..
“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”
“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင်
ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ
အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ
မဟုတ်ပါဘူးဗျာ.. ကျွန်တော့ ရင်ထဲကို တော်တော် ထိပါတယ်.. ခင်ဗျားရဲ့
ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”
ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ “အိုး
ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု
ယူလာတာ ဘလက်ကော်ဖီ သက်သက်ဘဲ ထင်တယ်.. နို့ ဖြစ်ဖြစ် သကြားဖြစ်ဖြစ်
ထပ်ယူမလား. ”
ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ရင်းက ပြုံးလိုက်ပြီးတော့
“ကျွန်တော့ အတွက် သကြားတွေ နို့တွေ မလိုတော့ ပါဘူးဗျာ.. ဒီနေ့ ခင်ဗျား
အန်ကယ် ဂျက်ကို ပေးလိုက်တဲ့ စေတနာမေတ္တာတွေက အဲဒီအရာတွေထက် ချိုပါတယ်..
တန်ဖိုးကြီးလှပါတယ်.. စေတနာ မေတ္တာ နဲ့ ကျေးဇူးသိတတ်ခြင်းဆိုတဲ့ အရာတွေဟာ
ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လွန်း လှပါတယ်.. ကျွန်တော့ ရင်ထဲမှာလဲ
ဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လို သကြားမှ မလိုတော့ပါဘူးဗျာ..”
လို့ ပြောလိုက်ပါတော့တယ်..
သူငယ်ချင်းက ပို့ပေးလို့
ပြန်လည်မျှဝေလိုက်တာပါ အရမ်း ရင်ထဲထိတဲ့ ခံစားချက်ကလေးပါ
သူငယ်ချင်းများ ဒီပိုစ် ကနေ သူမတူအောင်ကြိုးစားလိုစိတ်များ
တိုးပွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် .သင်သည်လည်း ထွန်းတောက်နိုင်တဲ့
လူသားဖြစ်လာနိုင်တယ် အလင်းရောင်လည်းပေးနိုင်တယ် ဆိုတာတွေကို ဘယ်တော့မှ
မမေ့ပါနဲ့
လူ့ဘဝ စွန့်ခွါချိန်များမှာ ဘာမှ မလုပ်နိုင်ဘူးဆိုတာ မှတ်ထားပါ .
–
“လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ
ဖြစ်သလို မလုပ်ပါနဲ့……..”
“လုပ်ချင်တာ မလုပ်ရသေးခင်
လုပ်နေတာကို လုပ်ချင်နေပါစေ…….”
(Ye Tay Za Kyaw*)

ရဟန်းတော်များ ခေါင်းရိတ်ကြရတဲ့ အကြောင်းရင်း(ဗဟုသုတ)
ရဟန်းတော်တွေ
ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့်ခေါင်းရိတ် ကြရတာလဲဆိုတဲ့
အကြောင်းလေးကို သိစေချင်ပါတယ်။အဲဒီအကြောင်းကို အရှင်နာဂသိန်ထေရ်လောင်းလျာ
သူငယ်လေးက မေးလို့ အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓ
ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။ အဲဒီ (၁၆) ပါး
သောအပြစ်ကြောင့် ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များခေါင်းရိတ်ကြရတာ
ဖြစ်ပါတယ်။
အဲဒီအပြစ်တစ့်ဆယ်ခြောက်ပါးက ဘာတွေလဲလို့ဆိုတော့ (၁) ဆံပင်ကို တန်ဆာဆင်ရခြင်း။
(၂) ပြေပြစ်ချောမွေ့အောင် ပြုပြင်ရခြင်း(ယခုခေတ်အလို ဆံပင်ဖြောင့်ခြင်း ကောက်ခြင်း)။
(၃) ဆီလိမ်းရခြင်း။
(၄) ခေါင်းလျှော်ရခြင်း။
(၅) ပန်းပန်ရခြင်း။
(၆) ခေါင်းလိမ်းဆီမွှေးသုတ်လိမ်းရခြင်း။
(၇) ခေါင်းလျှော်ရန် ကင်ပွန်းသီး ဆီ စသည်တို့ဖြင့် (ထုံရ)နှဲရခြင်း။
(၈) သဖန်းခါးသီးရှာရခြင်း။
(၉) သျှစ်သျှားသီးရှာရခြင်း။
(၁၀) ဆံပင်နက်အောင် ဆေးဆိုးရခြင်း။
(၁၁) ဦးသျှောင်ထုံးရခြင်း။
(၁၂) ဘီးဖြင့် ဖြီးရခြင်း။
(၁၃) ပြုရ၊ပြင်ရခြင်း။
(၁၄) ထုံးပြီး ဦးသျှောင်ကို အခါအားလျှော်စွာပြန်ပြင်ရခြင်း။
(၁၅) သန်းရှာခြင်း၊
(၁၆) ဆံပင်ကျွတ်ခဲ့သော် ပြတ်ခဲ့သော် စိုးရိမ်ရခြင်း။
ပင်ပန်းရခြင်း၊ငိုကြွေးမြည်တမ်းရခြင်း၊ရင်ဘတ်စည်တီးရခြင်း ညည်းတွားရခြင်း လွန်စွာတွေဝေရခြင်းတို့ဖြစ်ပါတယ်။
ရဟန်းတော်များ ကိုရင်များ သီလရှင်များ ဆံပင်များရှိနေပါက ကြည်ညိုဖွယ်မဖြစ်သလို ထိုဆံပင်ကြောင့် အချိန်ပိုကာ အချိန်များစွာပေးရကာ ပရိယတ္တိအလုပ်များကိုကောင်းစွာမလုပ်နိုင်သလို ပဋိပတ်ဆိုတဲ့ ဝိပဿနာအလုပ်များကိုလည်း အားလျော့စေပါတယ်။ထိုကြောင့်
ဒီအပြစ်တွေကြောင့် သာသနာကိုဝင်ရင် ခေါင်းရိတ်ကြရတာဖြစ်တယ်ဆိုတဲ့အကြောင်းအားလုံးကိုသိစေအပ်ပါသည်။
ကိုးကား။ ။ မင်းဘူးအရှင်ကဉ္စန (ဘာသာရေးပြဿနာအဖြေ)စာအုပ်
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
Labels:
Knowledge
Subscribe to:
Posts (Atom)
..
လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။
HTML Comment Box is loading comments...